၁၀ နှစ်ကလေးတွေကို Quest VR Headset ပေးသုံးခွင့်ပေးလိုက်တဲ့ Meta

TL;DR

Apple ရဲ့ Vision Pro AR/VR Headset က တကယ်ကို အထင်ကြီးဖို့ကောင်းတာမှန်သလို လက်ရှိ Meta Quest Series VR Headset တွေကလည်း ဒီ Metaverse တွေ၊ VR Headset တွေကို စတင်စမ်းသပ်ချင်တဲ့သူတွေအတွက် အကောင်းဆုံး Starting Point တစ်ခုပါ။

ဒါပေမယ့် ဒီလို နည်းပညာတွေက ဘယ်အရွယ်ကနေ စပြီး သုံးသင့်ပြီလဲဆိုတာက မေးခွန်းထုတ်စရာဖြစ်လာပါတယ်…။

News

အခုလို နည်းပညာခေတ်မှာ Social Media နဲ့ Viral Trend တွေနောက် တကောက်ကောက်လိုက်နေရတဲ့အချိန်တစ်ခုရောက်နေပြီး ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်း အများကြီးရှိနေပါတယ်။ Toxic Comment တွေ၊ Media တွေရဲ့ တစ်ဖက်စောင်းနင်း ထိုးသွင်းမှုတွေ၊ ပညာရှင်တွေထက် Virual ဖြစ်တဲ့ Influencer Video တွေက တကယ်တမ်း အသက်ငယ်ရွယ်၊ အတွေ့အကြုံနည်းပါးတဲ့ သုံးစွဲသူတွေအတွက် တော်တော်လေးကို ပိုပြီး Impact ဖြစ်လွန်းပါတယ်။

ဒါကြောင့်လည်း Social Media တွေ၊ Apple နဲ့ Google လိုမျိုး Service Provider တွေက အသုံးပြုနိုင်ခွင့်ကို အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို ကန့်သတ်ထားတာမျိုး၊ Kid Account အနေနဲ့ သီးသန့် အသုံးပြုတာမျိုးကိုပဲ ပြုလုပ်ထားကြပါတယ်။ YouTube ဆိုရင်လည်း YouTube Kids ဆိုပြီး သီးသန့်ထားပေးထားပြီး Instagram ဆိုရင်လည်း အသက်မပြည့်သေးတဲ့ User Account တွေကို မြင်နိုင်တဲ့ Post တွေကို Nudity နဲ့ တခြား 18+ Content တွေမပါအောင် Filter ပြုလုပ်ထားတာမျိုးတွေ ဆောင်ရွက်နေကြပါတယ်။

ဒါပေမယ့် အခုကြတော့ Facebook ၊ Messenger ၊ WhatsApp နဲ့ Instagram တို့ကို ပိုင်ဆိုင်တဲ့ Meta ကနေ Quest VR Headset တွေကို အသက် (၁၀) နှစ် ကလေးတွေကို စတင်ပြီး အသုံးပြုခွင့်ပေးလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ယခင်တုန်းက Quest VR Headset တွေကို အသုံးပြုနိုင်ဖို့အတွက် အသက် (၁၃) နှစ်ပြည့်ပြီးဖို့ လိုအပ်ခဲ့ပေမယ့် အခုအချိန်မှာ (၃) နှစ်လျော့ပြီး (၁၀) နှစ်ပြည့်တာနဲ့ သုံးနိုင်တော့မှာပါ။

ဒါက တော်တော်လေးကို လက်ရှိဖြစ်ပေါ်နေတဲ့ ကလေးငယ်တွေအပေါ် Social Media အသုံးပြုမှုကို ကန့်သတ်နေတဲ့အပေါ်မှာ ပြောင်းပြန်လုပ်လိုက်သလိုတောင်ဖြစ်သွားပါတယ်။

ဒါပေမယ့် Meta ဘက်က ဖြေရှင်းချက်အရ – (၁) ကလေးတွေရဲ့ Account ကို ဖွင့်လှစ်ဖို့အတွက် မိဘတွေရဲ့ ခွင့်ပြုချက်လိုအပ်မယ်၊ (၂) အသက်အရွယ်ပေါ်လိုက်ပြီး စိတ်ချရတဲ့ App တွေကိုပဲ Recommend လုပ်မယ်၊ (၃) ကလေးတွေ Account မှာ ကြော်ငြာမထည့်ဘူး၊ (၄) အသက် ၁၀ နှစ်ကနေ ၁၂ နှစ်ကြားကလေးတွေရဲ့ Meta Profile နဲ့ Avatar ကို Private အနေနဲ့ Default ထားပေးမယ်၊ (၅) မိဘတွေရဲ့ ခွင့်ပြုချက်မရှိပဲ ကလေးတွေ Account ကို Follow မလုပ်နိုင်အောင် Defualt ထားပေးမယ်၊ (၆) မိဘတွေက ကလေးတွေ Account ကို ဝင်ကြည့်နိုင်ပြီး အချိန်ကန့်သတ်ထားနိုင်မယ် – စတာတွေလုပ်ပေးမယ်ဆိုပြီး ပြောထားတယ်။ (အသေးစိတ်ကို အခု Press Release Link မှာ ဖတ်နိုင်ပါတယ်)

Meta က အခုလိုမျိုး ကလေးငယ်တွေကို တရားဝင်ပေးသုံးလိုက်တာက တစ်ဖက်မှာ Epic Games လိုကုမ္ပဏီတွေရင်ဆိုင်နေရတဲ့ အသက်လိမ်လည်ပြီး အသုံးပြုနေကြတာမျိုးကို ရှောင်ရှားချင်တာကြောင့်ဖြစ်နိုင်ပါတယ်။

Tech Gadget’s Thoughts

ဒါပေမယ့်လည်း Quest လိုမျိုး မျက်နှာပေါ်မှာ တပ်ရတဲ့ VR Headset ဆိုတာမျိုးက iPad ပေးထားသလိုမျိုးနဲ့ အတူတူပဲ ဆိုတာကြီးက လက်ခံဖို့တော်တော်ခက်တုန်းပါ။ ပုံမှန် Screen တွေတောင် အကြာကြီး ကြည့်တာများရင် မျက်စိထိခိုက်နေတဲ့အချိန်မှာ အသက် (၁၀) နှစ်ကလေးတွေကို VR Headset တရားဝင်တပ်ခွင့်ပေးလိုက်တာက နောက်ပိုင်း ဘယ်လိုဖြစ်လာမလဲဆိုတာ တွေးကြည့်ရတောင် ခက်ပါတယ်။

Reference Article(s) : The Verge