Apple VS European Union : The War Begins

TL;DR

Apple က European Union (EU) နိုင်ငံတွေမှာ စတင်ပြီး Digital Markets Act (DMA) အပေါ်ကို လိုက်လျောခဲ့ပြီး တောင်းဆိုနေကြသလို Third-party App Store ၊ Third-party Payment ၊ Third-party Web Browser ၊ Third-party Payment Option တွေအများအပြားကို ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

ဒါပေမယ့် Apple ဘက်က အလွယ်အလျော့ပေးတာမဟုတ်တာကြောင့် ဒီပြောင်းလဲမှုတွေဟာ အသုံးပြုသူတွေအတွက် အကောင်းဘက်ကမြင်ဖို့ထက် တကယ်တမ်းကြတော့ သမုဒ္ဒရာအလယ်မှာ ကျွန်း တည်ထားပြီးမှ “တခြားနေရာသွားချင်ရင် လက်ပစ်ကူးလေ” ဆိုပြီး ပြောလိုက်တာနဲ့ ပိုတူပါတယ်။

စာရှည်ပါမယ် – တော်တော်လည်း အချိန်ယူရှာဖတ်၊ လေ့လာပြီး မှီသလောက် ပြန်ရေးတာဖြစ်တဲ့အတွက် စိတ်ဝင်စားရင် ကိုယ်တိုင်လေ့လာတာကတော့ အကောင်းဆုံးပါ။

Appendix

Digital Markets Act (DMA) : DMA ဟာ EU ဘက်ကနေ Apple အပါအဝင် စျေးကွက်တစ်ခုကို စိတ်ကြိုက်ချယ်လှယ် (Monopoly) လုပ်နိုင်တယ်လို့ ယူဆတဲ့ နည်းပညာကုမ္ပဏီကြီးတွေကို ကိုယ်ပိုင်နည်းပညာတွေကိုပဲ ကိုယ့် Product တွေမှာ အသုံးပြုစေတာမဟုတ်ပဲ တခြား Third-party Service/Developer တွေကိုပါ တန်းတူ အခွင့်အရေးပေးဖို့၊ အသုံးပြုသူ (User) တွေကို ရွေးချယ်နိုင်စေဖို့ အဓိက ရည်ရွယ်တဲ့ ဥပဒေပြဌာန်းချက်တစ်ခုဖြစ်ပါတယ်။

Apple ဆိုရင် USB-C ကို အခုလိုပြောင်းသုံးလိုက်ရတာတွေ၊ RCS Messaging ကို Support ပေးခဲ့တာတွေက DMA ရဲ့ တွန်းအားပေးမှုတွေကြောင့်ပါဝင်ပြီး တခြား Microsoft လိုမျိုး ကုမ္ပဏီတွေလည်း EU နိုင်ငံတွေမှာ Windows OS ပေါ်မှာ Bing/Edge Browser ကို Uninstall လုပ်ခွင့်ပေးဖို့၊ Google ဆိုရင်လည်း Android မှာ တခြား Third-party Web Browser/Search Engine ကို Default ထားခွင့်ပေးဖို့လိုမျိုး ခွင့်ပြုချက်တွေ ပေးခဲ့ရပါတယ်။ Apple ကတော့ အလုံပိတ်နံရံတစ်ခု (Closed Walls) အတွင်းမှာ ဖြစ်နေတဲ့ ကုမ္ပဏီဖြစ်တာကြောင့် EU ရဲ့ DMA ကြောင့် အထိခိုက်ခံရဆုံးလို့ ပြောနိုင်ပါတယ်။

Gatekeeping : “ဂိတ်စောင့်” လို့ အလွယ်ပြောနိုင်တဲ့ ဒီစကားလုံးက အဓိကအနေနဲ့ လက်ရှိ Apple iPhone အတွင်းမှာ App တွေကို ရောင်းချချင်ရင် (သို့) တင်ပြီး Download ပြုလုပ်နိုင်ဖို့အတွက် Apple App Store ကိုပဲ အသုံးပြုနေရတာမျိုး၊ Payment တွေကအစ Apple Wallet/Apple Pay လိုမျိုးပဲ NFC ကို အသုံးပြုနိုင်တာမျိုးတွေ၊ App ဝယ်ယူမယ်ဆိုရင်တောင်မှ Apple App Store ကနေ Download ပြုလုပ်အသုံးပြုနေတဲ့ App အတွင်းမှာ ဝယ်ယူရင် Apple ဘက်ကို ရာခိုင်နှုန်းတစ်ခု Commission ပေးရတာမျိုး၊ တခြား Web Browser အသုံးပြုမယ်ဆိုရင်လည်း Safari မဟုတ်တဲ့ တခြား Web Browser တွေကလည်း ကိုယ်ပိုင် Web Engine အသုံးပြုနိုင်ခြင်းမရှိပဲ Apple Web Engine (Safari) ကိုပဲ အခြေခံပြီး အနည်းငယ်ပြောင်းလဲမှုအချို့နဲ့ အသုံးပြုနေရတာတွေအပေါ်ကို ဆိုလိုတာဖြစ်ပါတယ်။

အလွယ်ဆုံးပြောရရင် Apple Device (iPhone) သုံးနေပေမယ့် သုံးနိုင်သမျှအရာတွေမှာ Apple က အစအဆုံးလုပ်ပေးထား (အပိုပိုက်ဆံပေးနေရ) တာမျိုး မဟုတ်ပဲ Android ဖုန်းတစ်လုံးမှာ AOSP (Android Open Source Project) ROM တစ်ခုတင်ပြီး ကိုယ့်စိတ်ကြိုက် App/Service တွေ တင်သုံးနိုင်ခြင်းမရှိတာကြောင့် ဒီ “ဂိတ်စောင့်” – Gatekeeping လုပ်တယ်ဆိုတဲ့ စကားလုံးက ထွက်ပေါ်လာတာဖြစ်ပါတဘ်။

EU : European Union တဖြစ်လဲ Austria, Belgium, Bulgaria, Croatia, Republic of Cyprus, Czech Republic, Denmark, Estonia, Finland, France, Germany, Greece, Hungary, Ireland, Italy, Latvia, Lithuania, Luxembourg, Malta, Netherlands, Poland, Portugal, Romania, Slovakia, Slovenia, Spain နဲ့ Sweden နိုင်ငံတွေပါဝင်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ယခုပြောသွားမယ့် Apple ရဲ့ ပြောင်းလဲမှုတွေအကုန်လုံးဟာ လက်ရှိအချိန်မှာ “iPhone” တွေအတွက်ပဲဖြစ်သလို “EU” နိုင်ငံ ၂၇ နိုင်ငံအတွင်းမှာပဲ အကျုံးဝင်မှာဖြစ်ပါတယ်။

iOS 17.4 | Xcode 15.3 : အခုပြောသွားမယ့် ပြောင်းလဲမှုတွေကို လက်ရှိအချိန်မှာ iOS 17.4 Beta နဲ့ Xcode 15.3 Beta Release တွေမှာ စပြီး စမ်းသပ်အသုံးပြုနိုင်ပြီ။ EU က လူတိုင်းအတွက် တရားဝင်ပြောင်းလဲမှုတွေကတော့ မတ်လ၊ ၂၀၂၄ ခုနှစ်အတွင်းမှာ iOS 17.4 Stable Update နဲ့အတူ ရလာလိမ့်မယ်။

ကဲ… စပြီးပြောကြတာပေါ့။

What Has Changed?

Apple က Mac တွေမှာ Third-party App တွေ သွင်းသလိုမျိုး “.dmg” File တွေကို iPhone မှာလည်း “.ipa” File တွေကို ကြိုက်တဲ့နေရာက ရှာပြီး သွင်းလေ ဆိုတာမျိုး ခွင့်ပြုခဲ့တာမဟုတ်ပါဘူး။ Apple ဘက်က ကာကွယ်မှု – Protection တွေဆိုပြီး ခေါင်းစဥ်တပ်ထားတဲ့အောက်မှာ Limit လုပ်ထားတာမျိုးတွေ၊ Apple ဘက်က စစ်ဆေးမှုတွေအကုန်လုံးကို ပြုလုပ်သွားဦးမှာဖြစ်ပါတယ်။

iOS

  • Third-party/Alternative App Marketplace (Store) တွေမှာ iOS App တွေကို စတင်ပြီး ဖန်တီးနိုင်မယ်။ မူပိုင်ခွင့် (Intellectual Property) တွေကိုပါ ကာကွယ်နိုင်ဦးမယ်။ (ဒါဆိုရင် Apple App Store က စည်းကမ်းတွေအစား ကိုယ် တင်ပြီးရောင်းချ/ဖြန့်ချီမယ့် App Marketplace ရဲ့ စည်းကမ်းတွေကိုပဲ လိုက်နာဖို့လိုအပ်တော့မယ်)
  • Third-party/Alternative App Marketplace တွေကို ကိုယ်တိုင်ဖန်တီးနိုင်ဖို့အတွက် Framework နဲ့ API တွေထောက်ပံ့ပေးမယ်။ ဆိုတော့ ကိုယ်ပိုင် App Store တစ်ခုဖန်တီးနိုင်ပေမယ့် Apple ဘက်က ထုတ်ပေးတဲ့ Framework/API အပေါ်မှာပဲ အခြေခံပြီး တည်ဆောက်ရမယ်။
  • Third-party/Alternative Browser (Web) Engine တွေအတွက်လည်း Framework နဲ့ API တွေထောက်ပံ့ပေးမယ်။ ဆိုတော့ iOS ပေါ်က Web Browser တွေက Safari ကို အခြေခံတာမဟုတ်ပဲ ကိုယ့်ပုံစံအတိုင်း ဖြစ်သွားအောင် တည်ဆောက်နိုင်ပြီ?
  • EEA (သို့) European Economic Area အတွင်းမှာ Apple ဘက်ကနေ DMA ကို လိုက်နာပြီး Contactless Payment စနစ်တွေကို Apple ရဲ့ ကိုယ်ပိုင် Pay/Wallet Service တွေတင်မဟုတ်ပဲ တခြား Third-party တွေကပါ သူတို့ရဲ့ Banking (သို့) Wallet App တွေမှာ NFC နည်းပညာနဲ့ Contactless Payment တွေကိုပါ ထောက်ပံ့ပေးနိုင်ပြီ။
  • လက်ရှိ Apple iPhone အတွင်းမှာ ပေးမပြောင်းတဲ့ Default App Control တွေကိုလည်း ပြောင်းလဲနိုင်ပြီ။ အဓိပ္ပါယ်က ကိုယ့်စိတ်ကြိုက် Messaging App | Phone App | Camera App တွေကို Default အနေနဲ့ သတ်မှတ်ထားနိုင်ပြီ။
  • iPhone နဲ့ iOS ရဲ့ Hardware နဲ့ Software Feature တွေအတွက် Developer တွေက Apple ကို သတင်းအချက်အလက်တွေဖလှယ်ဖို့အတွက် Request Form တွေ တင်သွင်းနိုင်ပြီ။

Safari on iOS

  • User Choice Screen : အသုံးပြုသူတွေက ဘယ် Web Browser ကို Default အနေနဲ့ ထားမလဲဆိုတာကို ရွေးချယ်နိုင်မယ့် Screen ကို ပြသခွင့်ပေးမယ်။

App Store

  • လက်ရှိ Apple App Store ကနေ အသုံးပြုနေတဲ့ App တွေမှာ App အတွင်းကနေ In-app Purchase (သို့) Subscription ဝယ်ယူမယ်ဆိုရင် Apple က သတ်မှတ်ထားတဲ့ ငွေပေးချေမှုတင်မဟုတ်ပဲ Third-party/Alternative Payment Service Provider (PSPs) တွေကို ရွေးချယ်အသုံးပြုနိုင်ပြီ။
  • Apple App Store ပေါ်မှာတင်မဟုတ်ပဲ တခြား Developer တွေရဲ့ အပြင်ဘက် External Webpage တွေမှာလည်း ဒီ App/Services တွေကို ဝယ်ယူနိုင်မယ်။ အဲ့ဒီအပြင် ဒီ အပြင် Webpage တွေမှာ ရယူနိုင်မယ့် Service တွေ၊ Deals ရောင်းချမှုတွေကိုလည်း Apple App Store ပေါ်မှာ တင်ထားတဲ့ App ရဲ့ Information အနေနဲ့ ကြော်ငြာနိုင်မယ်။

Developer

  • Developer တွေက ဒီ တကမ္ဘာလုံးမှာရှိတဲ့ iOS နဲ့ App Store တွေကနေ Engagement ၊ Commerce (ဝယ်ယူမှု) ၊ App Usage အပြင် တခြား Data Metric ပေါင်း ၅၀ ကျော်လောက်ပါတဲ့ Report တွေကို Apple ဆီကနေ တောင်းယူလို့ရမယ်။
  • တကယ်လို့ Third-party/Alternative App Marketplace ရဲ့ Developer ဆိုရင် User တွေရဲ့ App Store Data တွေကို လေ့လာပြင်ဆင်ဖို့အတွက် User Data Portability API အသစ်ကနေ တောင်းဆိုနိုင်ပြီ။

Ain’t it Good?

ဘာ Business Terms မှမပါ၊ Numbers တွေဘယ်လိုကွာသွားမလဲဆိုတာကို ထည့်မတွက်သေးသရွေ့ကတော့ အခုနက ပြောသွားတဲ့ Apple ဘက်က EU အပေါ် အလျော့ပေးလိုက်တာတွေအကုန် အကောင်းကြီးပါ။ “.ipa” File တွေကို ကိုယ့်စိတ်ကြိုက်သွင်းနိုင်မှာမဟုတ်ပေမယ့် ကြိုက်တဲ့ Third-party App Marketplace/Store က App တွေ သွင်းသုံးလို့ရမယ်။ စိတ်ကြိုက် Web Engine သုံးထားတဲ့ Browser တွေ၊ Default App တွေစိတ်ကြိုက်ပြင်သုံးနိုင်မယ်။ ဒီ NFC ကနေ Tap to Pay အတွက်ကလည်း Apple Pay မဟုတ်ပဲ ကိုယ်စိတ်ကြိုက် Banking/Payment App တွေကနေ Native လိုမျိုး သုံးလို့ရပြီ။

အကုန်လုံးကောင်းပါတယ် – ဆိုတော့ မကောင်းတာတွေကို စပြောတာပေါ့။

Protection

Apple က အခုလိုမျိုး အလျော့ပေးလိုက်ရတာကို မကြိုက်ပါဘူး – ဘယ်လောက်ထိမကြိုက်လဲဆိုရင် EU ရဲ့ DAM ဟာ အသုံးပြုသူ (User) နဲ့ Developer တွေအတွက် ကြီးမားတဲ့အန္တရာယ် (Greater Risks) တွေကို ယူလာမယ် ဆိုပြီး ပြောကြားခဲ့တာပါ။ ဒါတွေက Malware ၊ Fraud ၊ Scam တွေ၊ Content တွေမှာ Illicit ဖြစ်တာမျိုးတွေ၊ ထိခိုက်နိုင်တာတွေ၊ နောက်ဆုံး Privacy နဲ့ Security ပိုင်းမှာပါ အန္တရာရယ်ရှိလာနိုင်တယ်လို့ ဆိုထားတယ်။

အဲ့တော့ Apple ဘက်က ဘာထပ်လုပ်သလဲဆိုရင် – ကာကွယ်မှုတွေ (Protections) တွေကို မိတ်ဆက်လိုက်တယ်။ ဒါက iOS App တွေအတွက် Notarization (တရားဝင်ဖြစ်ကြောင်းကြေညာချက်) ၊ Marketplace Developer တွေအတွက် Authorization (ခွင့်ပြုချက်) ၊ Alternative Payment တွေအတွက် Disclosure (ထုတ်ပြန်ချက်) တွေ ပါဝင်လာမယ်။ ဒါပေမယ့်လည်း Risk တွေ၊ အန္တရာယ်တွေကတော့ ရှိနိုင်သေးတယ်ဆိုပြီး ပြောထားတယ်။

ဒါပေမယ့် ဒီလိုကာကွယ်မှုတွေရှိတာက ပိုကောင်းတာမဟုတ်ဘူးလားပေါ့…။

ပိုကောင်းပေမယ့် တစ်ဖက်က Developer တွေနဲ့ အခုမှစပြီး Third-party/Alternative App Marketplace လုပ်ချင်တဲ့သူတွေအတွက် ဒါတွေက တံတားထိုးပေးတာထက် သစ်ပင်ကို ကန့်လန့်ပိတ်ချသလိုတောင်ဖြစ်ပါတယ်။ ဆက်ပြောတာပေါ့…။

Alternative App Marketplace မှာ (Developer က) ကိုယ့် App ကို တင်ရောင်းဖို့အတွက် –

(1) ကိုယ်တင်ရောင်းမယ့် Alternative App Marketplace ရဲ့ Terms & Condition တွေကို သိရှိလက်ခံဖို့လိုမယ် (Apple နဲ့မဆိုင်ဘူး)

(2) Alternative App Marketplace မှာ တင်ထားတဲ့ ကိုယ့်ရဲ့ App ကို အဲ့ဒီ Marketplace ရဲ့ Website တစ်ခုတည်းကနေပဲ Download ပြုလုပ်၊ Install လုပ်နိုင်မယ်

(3) ဒီလို Alternative App Marketplace မှာလည်း ရပါတယ်ဆိုတာကို Apple App Store မှာ ကြေညာဖို့အတွက် အရင်ဆုံး Alternative App Marketplace မှာ Security Token ကို Request ပြုလုပ်ပြီး App Store Connect Distribution Tools ကနေတစ်ဆင့် ချိတ်ဆက်လို့ရမယ်

(4) ဒီ App Store Connect Distribution Tools အကြောင်းတွေကို လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ အသေးစိတ်ထပ်ကြေညာပေးသွားမယ်။

Alternative App Marketplace တစ်ခုကို တည်ဆောက်လည်ပတ်တော့မယ်ဆိုရင် –

(1) Apple App Store လိုမျိုးပဲ ဒီ Alternative App Marketplace တွေဟာလည်း iOS Device တွေက Data တွေရယူနိုင်သလို အသုံးပြုတွေရဲ့ ဝယ်ယူမှုတွေ၊ Subscription တွေအကုန်လုံးကို ထိန်းချုပ်နိုင်မယ်။ ဒါပေမယ့် ဒီ Alternative App Marketplace တစ်ခုလုပ်ဖို့အတွက် Apple ဘက်က တရားဝင်ဖြစ်ကြောင်းအသိအမှတ်ပြုဖို့အတွက် လိုအပ်ချက်တွေအကုန်ကိုက်ညီဖို့လိုမယ်။

(2) ပြီးတော့ Alternative Marketplace မှာ ရတဲ့ App တွေက အဲ့ဒီ Alternative Marketplace ကနေပဲ Install လုပ်ခွင့်ရှိမယ်။

(3) ဒါ့အပြင် ဒီလိုမျိုး Alternative Marketplace ကနေ Install လုပ်ထားတဲ့ App တွေကို Update ပြုလုပ်ခွင့်ကလည်း ဒီ Alternative Marketplace ကို ကိုယ့် iPhone မှာ သွင်းထား၊ သုံးနေမှပဲရနိုင်မယ်။ In-App Updates တွေကို ခွင့်ပြုသွားမှာမဟုတ်ဘူး။

(4) ပြီးတော့ တခြားကတော့ လုံခြုံရေးပိုင်းနဲ့ ပတ်သက်ပြီး တာဝန်ယူမှုတွေလိုမယ်ပေါ့ – တခြားကတော့ တရားဝင်လိုအပ်ချက်အချက်အလက်တွေရှိမယ်။ ဆက်ပြောတာပေါ့…။

MarketplaceKit Framework

ဒီ Alternative Marketplace တစ်ခုလုပ်တော့မယ်ဆိုရင် Apple ဘက်က MarketplaceKit Framework နဲ့ API တွေ ထောက်ပံ့ပေးမယ်။ ဒါတွေကို သုံးပြီး တရားဝင်ခွင့်ပြုချက်ရထားတဲ့ App တွေကို ကိုယ့် Alternative Marketplace မှာယူသုံးလို့ရမယ်၊ အသုံးပြုသူတွေကို Authorized ရထားတဲ့ Website တွေကနေတစ်ဆင့် Marketplace App တွေကို Download ၊ Install ပြုလုပ်ခွင့်ပေးနိုင်မယ်။ ဖုန်းရဲ့ System Function တွေ၊ Backup & Restore ၊ User တွေရဲ့ Apps တွေနဲ့ပါ Integrate – တွဲဖက်အလုပ်လုပ်နိုင်မယ်။

Becoming a Marketplace Developer

ဒါပေမယ့် Marketplace တစ်ခုကို စလုပ်မယ့် Developer ဖြစ်ဖို့က ဒီအတိုင်း Website ထောင်တတ်ရုံနဲ့ မပြီးပါဘူး။ Apple Developer Program မှာဝင်ထားဖို့လိုမယ်၊ Apple က တောင်းဆိုထားတဲ့ Agreement တွေအကုန်လုံးကို လက်ခံဖို့လိုမယ်။

အရေးအကြီးဆုံးက Apple ဘက်ကို A-Rated Financial Institution တွေ (S&P, Fitch နဲ့ Moody’s လို လုပ်ငန်းတွေနဲ့အလားတူ) ဆီက €1,000,000 တန်ကြေးကို Developer တွေနဲ့ User တွေကို ကျောကန်ပေးထားနိုင်ပါတယ်ဆိုတဲ့ Stand-by Letter of Credit ပြနိုင်ဖို့ လိုမယ်။ ဆိုတော့ ဒီငွေကြေးလုပ်ငန်းကြီးတွေကို အရင်သွားကပ်ပြီး ယူရိုငွေ ၁ သန်း အကူအညီပေးနိုင်ပါတယ်ဆိုတာကို စာထုတ်ပေးဖို့ အကူအညီတောင်းရမယ်။

ဆိုတော့ ဒီအချက်နဲ့တင် ဘယ်လိုမှ Alternative/Third-party Marketplace တစ်ခုလုပ်နိုင်ဖို့က သာမန်ကုမ္ပဏီတစ်ခု၊ Developer တစ်ယောက်က လုပ်ဖို့လွယ်မှာမဟုတ်တော့ဘူး။ အဲ့ထက် ပိုဆိုးတဲ့၊ Apple ရဲ့ တကယ့် Cut-throat Knife တစ်ချောင်းကျန်သေးတယ်။

Core Technology Fee

The Core Technology Fee ဒါမှမဟုတ် CTF ဆိုတာက ဒီ EU နဲ့ DMA ကို လိုက်နာရတဲ့အတွက် Apple ဘက်က ပြန်လုပ်တဲ့ အဓိကတန်ပြန်တိုက်ကွက်တစ်ခုလို့တောင် ပြောလို့ရတယ်။

Apple ဘက်ကပြောတာကတော့ ရှင်းတယ် – အပေါ်မှာပြောခဲ့တဲ့ Framework တွေ၊ API တွေ လိုအပ်တဲ့ Support တွေအကုန်လုံးကို Developer တွေကို အသစ်အနေနဲ့ ပေးသုံးမယ်၊ အဲ့အပြင် Apple ရဲ့ နည်းပညာ၊ Services တွေကိုပါ အခြေခံပြီး အသုံးပြုရမှာဖြစ်တဲ့အတွက် ကိုယ့်ဘာသာ Alternative App Marketplace တွေကနေ App တွေထုတ်မယ်ဆိုရင် Apple ကို ပေးရမယ့် ငွေကြေးပမာဏတစ်ခု (သို့) Business Term အသစ်ဖြစ်လာမယ်။

ဒီ CTF ဆိုတဲ့ Business Term အသစ်နဲ့ မလုပ်ချင်ရင်လည်း လက်ရှိ EU ကလွဲပြီး တကမ္ဘာလုံးမှာ လုပ်နေသလိုမျိုး Apple ရဲ့ App Store မှာပဲ ပုံမှန်အတိုင်းလုပ်နိုင်တယ်။ အဲ့ဒီကြရင် ဒီ CTF ဆိုတာကလည်း ပေးရမှာမဟုတ်ဘူး။

Core Technology Fee က ဘယ်လိုအလုပ်လုပ်သလဲ?

Core Technology Fee ဆိုတာက ၁ နှစ် | ၁၂ လအတွင်းမှာ App တစ်ခုကို Install လုပ်တဲ့အရေအတွက်ကို မူတည်ပြီး ကောက်ခံသွားမှာဖြစ်တယ်။

ပထမဆုံး ၁ နှစ်အတွင်းမှာ Apple App Store (ဒါမှမဟုတ်) Alternative App Marketplace တွေကနေ ပထမဆုံးအနေနဲ့ Install ပြုလုပ်ထားတဲ့ App တစ်ခုအတွက် ပိုက်ဆံကောက်ခံမှာမဟုတ်ဘူး။ ဒါက Device အရေအတွက်နဲ့မဆိုင်ပဲ Account နဲ့ပဲ တွက်ချက်တဲ့အတွက် Account တစ်ခုမှာ စိတ်ကြိုက် Device တွေမှာ Install ပြုလုပ်တယ်ဆိုရင်တောင် Account တစ်ခုကို တစ်ဦးနှုန်းပဲ တွက်မယ်။ ဒီကြားထဲမှာ Install လုပ်၊ Update လုပ်တာတွေ၊ Reinstall လုပ်တာတွေကို ထည့်တွက်မှာမဟုတ်ဘူး။

ဒါပေမယ့် တစ်ခုရှိတာက အခုလိုမျိုး ပထမဆုံး ၁ နှစ်ကို ပိုက်ဆံမကောက်ဘူးဆိုတာက App တစ်ခုမှာ တစ်နှစ်အတွင်း Install ပြုလုပ်သူ ၁ သန်းအထိပဲ ကန့်သတ်ထားတယ်။ ဒါ့အပြင် စိတ်ဝင်စားဖို့ကောင်းတာက ဒီ Install ပြုလုပ်တဲ့သူ ၁ သန်းကျော်မကျော် ထည့်တွက်တဲ့အထဲမှာ Apple App Store ရော၊ Alternative Marketplace တွေပါ ထည့်တွက်မှာဖြစ်တယ်။ Alternative Marketplace တစ်ခုကို User ၁ သန်းအထိပေးသုံးတာမဟုတ်ပဲ အကုန်လုံးပေါင်းပြီး ၁ သန်းပဲ ပထမဆုံး ၁ နှစ်ကို ပိုက်ဆံမကောက်တာဆိုတော့ ပြောရရင် လက်ရှိ 1M Userbase အောက်ပဲရှိတဲ့ App အသစ်တွေပဲ အဆင်ပြေလိမ့်မယ်။

တကယ်လို့ အခုထဲက App Store မှာလည်း Userbase က ၁ သန်းကျော်ရှိနေပြီး အခု EU မှာ Alternative Marketplace မှာ App ကို တင်ရောင်းမယ်ဆိုတာနဲ့ ဒီ CTF Fee ကစပြီး ပေးရမယ့် အခြေအနေမှာရှိတယ်။ ဒါပေမယ့် အခုပြောနေတာ EU Region အတွင်းမှာပဲဆိုတော့ Worldwide Userbase ကောက်မလား၊ EU Region Userbase ပဲ ထည့်တွက်မလားတော့မသိရသေးဘူး။

ဆိုတော့ ကိုယ့် App ကလည်း သုံးတဲ့သူ ၁ သန်းကျော်သွားပြီဆိုရင် ကျော်တဲ့အသုံးပြုသူအရေအတွက်ပေါ်မှုတည်ပြီး တစ်ဦးကို CTF ကြေး €0.50 ပေးရမယ်။ ဒီလိုမျိုး User ဘယ်လောက်ကတော့ သုံးနေပြီ၊ ဘာညာကိုလည်း အသေးစိတ် Monthly Report ထုတ်ပေးသွားမယ်။

ဒီ CTF ကြေးကို လာမယ့် မတ်လက စတင်ပြီး Developer က Agree လုပ်လိုက်တာနဲ့ စကောက်သွားမယ်။ Exception အနေနဲ့ ပေးစရာမလိုတာတွေက Nonprofit Organization တွေ၊ တရားဝင်ပညာရေးဌာနတွေ၊ EU ရဲ့ ခွင့်ပြုချက်ရရှိထားတဲ့ အစိုးရအဖွဲ့အစည်းတွေပဲရှိမယ်။ ကျန်တဲ့ Developer တွေကတော့ ဒီ CTF ကြေးကို ပေးရလိမ့်မယ်။

ဒါက တစ်ယောက်ကို €0.50 ပဲပေးရမှာ – မများပါဘူးလို့ တွေးကောင်းတွေးနိုင်လောက်တယ်။ ဒါပေမယ့် ဒါက Monthly Fee ၊ လစဥ်ကြေးဖြစ်တဲ့အပြင် အခုလက်ရှိ လူသုံးများပြီးသား App အကုန်လုံးနီးပါး သီးသန့် Alternative App Marketplace ကနေ ခွဲထွက်ဖို့ မဖြစ်နိုင်လောက်တဲ့အထိကို ချူပ်ထားပြီးသားဖြစ်သွားပြီ။

ဘာကြောင့်လဲ…?

Apple က တော်ရုံ Numbers တွေကို ထည့်မပြတတ်ဘူး၊ ဒါပေမယ့် ဒီ Core Technology Fee ကို မြင်သာအောင်လို့ Fee Calculator ဆိုပြီး Website မှာပါ ထည့်ပြီး အလွယ်တွက်လို့ရအောင် ထုတ်ပေးထားသေးတယ်။

အလွယ်ဆုံးဖြစ်အောင် အနောက်မှာလည်း Personal Thoughts အနေနဲ့ထည့်ပြောဖြစ်မယ့် Spotify App ကို နမူနာအနေနဲ့ အရင်တွက်ကြတာပေါ့။

အရင်ဆုံး – လက်ရှိ EU Region မှာ Apple App Store ကနေ Spotify အသုံးပြုသူက တစ်နှစ် သန်း ၁၀၀ ဝန်းကျင်ရှိပါတယ်။ အဲ့ဒီထဲက 5% က Apple App Store Payment ကနေတစ်ဆင့် တစ်နှစ်ကို $100 ပေးပြီး Premium ကို ဝယ်သုံးနေတယ်ပဲ သဘောထားကြည့်ပါ။ လက်ရှိအချိန်မှာ Apple ကို Spotify က Commission အနေနဲ့ ဘယ်လောက်ပေးရတယ်ထင်ပါသလဲ…။

စုစုပေါင်း အသုံးပြုသူက သန်း ၁၀၀ | Premium ဝယ်သုံးတဲ့သူက ၅ သန်းဆိုတော့ တစ်နှစ်ကို ဒေါ်လာ သန်း ၅၀၀ အထိ ဝင်ငွေရှိမယ်ပဲထား။ အဲ့ဒီထဲက Apple App Store ကနေတစ်ဆင့် Apple Payment ကို အသုံးပြုတဲ့အတွက် Apple ကိုပေးရတဲ့ ကော်မရှင်ဖိုးက ဒေါ်လာ ၁၂.၅ သန်းပါ။ ဒါက တစ်လစာပါ။

တကယ်လို့ ကိုယ့် Apple App Store မှာလည်းတင်ထားမယ်၊ Apple Payment လည်းသုံးမယ်၊ ဒါ့အပြင် အခုအသစ် Alternative App Marketplace မှာလည်း တင်ဖို့အတွက် Apple ကို အခုနက အသုံးပြုသူအတိုင်း ဘယ်လောက်ပေးရမလဲဆိုရင် တစ်လကို ဒေါ်လာ ၅၃ သန်းကျော် ($53,577,898) ပေးရပါတော့မယ်။

ဒီပမာဏက အခုနကအတိုင်း ဒီစုစုပေါင်းအသုံးပြုသူ သန်း ၁၀၀ | Spotify ရဲ့ စုစုပေါင်း ဝင်ငွေ သန်း ၅၀၀ အတူတူကိုပဲ အခြေခံတွက်ချက်ထားတာဖြစ်ပါတယ်။ ဒီတစ်လကိုပေးရမယ့် ဒေါ်လာ ၅၃ သန်းကျော်ထဲက ဒေါ်လာ ၄၅ သန်းကျော် ($45,244,565) ကပဲ အခုနက မများပါဘူးလို့ ထင်နိုင်တဲ့ တစ်ယောက်ကို €0.50 ပဲ ကျတဲ့ Core Technology Fee သီးသန့်ပါ။

နောက်ဆုံး Apple ကို ကော်မရှင်လုံးဝမပေးချင်ဘူး – ဒီ Apple App Store မှာလည်းမတင်ဘူး၊ Apple Payment တွေကိုလည်း မသုံးဘူး။ ကိုယ့်ဘာသာ Alternative App Marketplace မှာပဲ တင်မယ်၊ Payment ကိုလည်း Third-party Payment တွေကိုပဲ သုံးချင်လည်း ရွေးချယ်ခွင့်ရှိပါတယ်

ဒါပေမယ့် အခုနကပြောထားသလို အသုံးပြုသူ သန်း ၁၀၀ ၊ တစ်နှစ်ဝင်ငွေ သန်း ၅၀၀ ရှိနေသရွေ့တော့ ဒီ CTF ကြေး – ဒေါ်လာ ၄၅ သန်းကျော်က Apple ကို ပေးရမှာပါ။

ဒါက လက်ရှိအတိုင်း Apple App Store မှာတင်၊ Apple Payment သုံးပြီး ပုံမှန်အတိုင်းရောင်းရလို့ Apple ကို ပေးရတဲ့ ကော်မရှင်ထက် အများကြီး ပိုများနေပါသေးတယ်။ အဲ့ဒါကိုမှ Spotify က ကိုယ်ပိုင် Alternative App Marketplace နဲ့ Payment System မလုပ်နိုင်ဘူးဆိုရင် တခြား Alternative/Third-party Marketplace တွေ၊ Payment တွေကိုလည်း ထပ်ပေးရမယ့် ကော်မရှင်ကြေးတွေရှိနိုင်ပါသေးတယ်။

ဘယ်လောက်ထိ ဒီ Core Technology Fee က ရုပ်ပေါက်သလဲဆိုရင် – အစကပြောသလို ဒီ CTF ကြေးဆိုတာ လက်ရှိ Apple App Store မှာ ကောက်နေသလိုမျိုး ရောင်းရမှ ကော်မရှင်ယူတာမဟုတ်ပါဘူး။ အဲ့ဒီအစား တစ်ယောက်ကို €0.50 ဆိုတဲ့ Install ပြုလုပ်သူအရေအတွက်ပေါ်မှုတည်ပြီးပဲ ကောက်တာပါ။

အခုနက Userbase သန်း ၁၀၀ ရှိတဲ့ Spotify နဲ့ပဲ ဆက်ပြောရမယ်ဆိုရင် –

တကယ်လို့ လက်ရှိအတိုင်း Apple App Store မှာတင်ထားတဲ့ Spotify App ကို သုံးတဲ့သူ သန်း ၁၀၀ လုံးက တစ်လ $10 နဲ့ Premium မဝယ်ဘူး၊ လုံးဝ Free ပဲ နားထောင်တယ်ဆိုရင် Spotify ဘက်က Apple ကို တပြားမှပေးစရာမလိုပါဘူး။

ဒါပေမယ့် ဒီ Alternative App Marketplace တွေမှာပါ တင်ဖို့ EU ရဲ့ Regulation အသစ်တွေနဲ့ လုပ်တော့မယ်ဆိုတာနဲ့ ဒီ အသုံးပြုသူ သန်း ၁၀၀ အတွက် CTF ကြေး တစ်လကို ဒေါ်လာ ၄၅ သန်းကျော်ကို တပြားမှမဝင်လည်း ပေးရတော့မှာပါ။

ပြောရရင် အခုနကလိုမျိုး အသုံးပြုသူတွေဆီက သန်း ၅၀၀ လောက် တစ်နှစ်ဝင်ငွေရနေရင်တောင် Apple ကို CTF ကြေးကြောင့် တစ်လ ဒေါ်လာ ၁၂ သန်းကျော်ကနေ သန်း ၅၀ လောက်ဖြစ်သွားပြီး စုစုပေါင်း ဝင်ငွေရဲ့ ၁၀ ပုံ ၁ ပုံလောက်ပေးရတာမျိုးဖြစ်သွားတာကတောင် တော်တော်ဆိုးနေပါပြီ။ Free App တွေအောင်မြင်သွားခဲ့ရင် ပိုဆိုးမှာပါ။

အဲ့ဒါကြောင့် တကယ်လို့ EU မှာ Alternative/Third-party App Marketplace ကနေတစ်ဆင့် Free App လုပ်မယ်ဆိုတာနဲ့ ပထမဆုံး အခမဲ့ရတဲ့ ၁ နှစ်အပြီး (သို့) အသုံးပြုသူ ၁ သန်းကျော်တာနဲ့ ဒီ CTF ကြေးက ပေးရတော့မှာပါ။ ဆိုတော့ သေချာတာတစ်ခုက ဘယ်လိုမှ EU Region အတွက် Alternative/Third-party App Marketplace တွေမှာ Free App တွေရှိလာဖို့ဆိုတာ လုံးဝမလွယ်ကူတော့ဘူး။

So, make everything premium?

အခုနက တော်တော်များများ Premium ဝယ်သုံးကြတဲ့ Spotify App ကို ဥပမာပေးလိုက်လို့ပါ။ ဒီလို လူသုံးများပြီး လူသုံးများတဲ့အကြောင်းပြချက်ကလည်း အခမဲ့သုံးလို့ရတာကြောင့်ဆိုပြီး ပြောနိုင်တဲ့ App တွေအများကြီး ရှိပါတယ် – Pinterest လို App တွေ…၊ X | Instagram | Facebook လိုမျိုး Social App တွေ – တခြား Userbase ၁ သန်းကျော်ပြီး အခမဲ့သုံးနိုင်တဲ့ App တွေအကုန်လုံးက အခု Apple အတိုင်းသွားနေရင် အကုန် Free ဖြစ်နေတဲ့အချိန်မှာ Alternative/Third-party App Marketplace ကို သွားပြီး CTF ကြေးတစ်ခုကို Apple ကို အသားတင်ပေးပါ့မလား…။

ပြီးတော့ ဒီလို Apple ကို အသားတင် CTF ဆက်ကြေးပေးရပြီဆိုထဲက Alternative/Third-party App Marketplace တွေမှာလည်း Apple App Store မှာလိုမျိုး Free နဲ့ ဆက်ထုတ်ပေးပေးနိုင်ပါ့မလား…။

တကယ်လို့ တူညီတဲ့ App ကို Apple App Store မှာ Free ရပြီး Alternative/Third-party App Marketplace မှာ CTF ကြေး ကာမိအောင် ပိုက်ဆံပေးသုံးရမယ်ဆိုရင်ရော သုံးကြပါ့မလား…။

App Store မှာပါ Free မရတော့အောင် Apple App Store မှာ App ကို ဖြုတ်ချပြီး Alternative/Third-party App Marketplace မှာပဲ အခကြေးငွေနဲ့ ဝယ်ယူရမယ့် နည်းလမ်းတစ်ခုပဲထားမယ်ဆိုရင်ရော User – အသုံးပြုသူတွေက ကျေနပ်ပါ့မလား…။

ဒီလို Apple App Store မှာ မရတော့ပဲ Alternative/Third-party App Marketplace ကနေပဲ App တွေဝယ်သုံးရတာကို အသုံးပြုသူတွေ မကျေမနပ်ဖြစ်ကြရင် ဒါက Apple ကို ဖြစ်သင့်ပေမယ့် CTF ကြေး စိုက်မပေးနိုင်လို့ ပိုက်ဆံတောင်းရတဲ့ ကုမ္ပဏီတွေကို ဖြစ်မလား၊ ဒီလို CTF ကြေး – Service ကြေးကို ကောက်ရအောင် Apple ကို တွန်းအားပေးတဲ့ EU ကိုပဲ အပြစ်တင်ကြမလား…။

EU ဘက်ကရော ဒီလိုမျိုး Apple က Safe ဖြစ်အောင် ကာကွယ်မှု (Protection) ဆိုပြီး Guideline ထုတ်ပေးတာတွေ၊ Framework ၊ API တွေထောက်ပံ့ပေးရတဲ့အတွက် ကောက်ခံတဲ့ Service ကြေး – ဒီ CTF ကြေးတောင်းတာကို မဖြစ်သင့်ဘူး၊ Apple ဘက်က ဒါတွေကို အခမဲ့ စိုက်ထုတ်ပေးသင့်တယ်ဆိုပြီး ထပ်ပြီး တွန်းအားပေးလို့ရော ရပါ့မလား… ဒီအကြောင်းပြချက်ကြီးက ဘယ်လိုမှ ယုတ္တိတန်ပါ့လား…။

And more…

အခုပြောသွားတဲ့ CTF ကြေးတွေ၊ တခြား Apple App Store ကော်မရှင်တွေ၊ Apple Payment အတွက် Fee တွေအကုန်လုံးက အခွန် (Tax) မပါတဲ့ စျေးနှုန်းတွေပဲ။ ဆိုတော့ ဒီလိုမျိုး Alternative/Third-party App Marketplace တွေကနေ App လုပ်ပြီး ကိုယ့် App Userbase က CTF ကြေးပေးရမယ့်အခြေအနေရောက်တာနဲ့ စပြီး ပေးရတော့မှာဖြစ်ပါတယ်။

ပြီးတော့ တကယ်လို့ ကိုယ်က Small Business ပဲ စနေတယ်၊ App Store Small Business Program မှာလည်း ဝင်ထားတယ်ဆိုရင်တောင် ဒီ CTF ကြေးကို မလျော့ပေးပါဘူး။ Apple App Store မှာတင်ရောင်းမှ ဒီ App Store ကော်မရှင်ခကိုပဲ ၁၅ ရာခိုင်နှုန်းအထိ လျော့ပေးမှာဖြစ်ပါတယ်။

တစ်ခုတော့ရှိတာပေါ့ – ဒါက အခုနက အစမှာပြောခဲ့သလို ကိုယ့် Userbase က အခမဲ့ပေးသုံးထားတဲ့ ပထမဆုံးနှစ်လည်းဖြစ်တယ်၊ အယောက် ၁ သန်းကျော်သွားရင်လည်း ၁ သန်းကျော်စာကနေ ကောက်မှာမဟုတ်ပဲ ဒီ အခမဲ့သုံးနိုင်တဲ့ ပမာဏကို ကျော်သွားတဲ့အတွက်ပဲ CTF ကြေးပေးရမယ် – ဒါကလည်း တစ်နှစ်စာ Userbase ကို ၁၂ လနဲ့ ပြန်စားပြီး ကျော်သလောက်ကိုပဲ လစဥ်ကြေးပေးရမှာပါ။

ဆိုတော့ အခုမှ စပြီးအောင်မြင်စ App အသစ်တွေကတော့ ဒီ CTF ကြေးက စစခြင်းအရမ်းများမှာမဟုတ်ဘူး – Apple က ဥပမာပေးသလိုဆိုရင် အခမဲ့ရထားတဲ့ ၁ သန်းကို ၅ သောင်းပဲ ကျော်တယ်ဆိုရင် ၅ သောင်းကျော်တဲ့ လအတွက် CTF ကြေးက €2,083.33 ပဲ ပေးရမယ်၊ ဒါပေမယ့် User တွေက သုံးတာကြာလာပြီး အချိန်လည်း အခမဲ့ ၁ နှစ်ကျော်လာပြီ၊ သုံးတဲ့သူပိုများလာရင်တော့ ပေးရမယ့် CTF ကြေးက ပိုများလာလိမ့်မယ် – တကယ်လို့ အခမဲ့ရတာမရှိတော့ပဲ သုံးတဲ့သူ ၂ သိန်းခွဲဆိုရင်တောင် တစ်လ €10,000 ကျော် စပြီး ပေးရတော့မယ်။ အောင်မြင်လေ ပိုဆိုးလေပဲ။

နောက်ထပ်တစ်ခုက လောလောဆယ် EU မှာ ဒီ CTF ကြေးအတွက် ထည့်တွက်တာက iPhone Only – ပြောရရင် iOS Only ပဲ။ Alternative/Third-party App Marketplace တွေဆိုတာကလည်း iPhone မဟုတ်တဲ့ iPad ၊ Mac ၊ Apple Watch ၊ TV ၊ Watch တွေအတွက် ရှိလာမှာမဟုတ် – ထည့်တွက်မှာလည်းမဟုတ်ဘူး။

ဆိုတော့ ဒီ Alternative App Marketplace လည်းရှိပြီ၊ Developer တွေကလည်း ဒီ CTF ကြေးကို Apple ကို ပေးနိုင်ပြီဆိုရင် မျှော်လင့်နေကြသလို App Store ပြင်ပကနေ ကိုယ့်စိတ်ကြိုက် App တွေ သွင်းသုံးနိုင်ပြီ…။

You asked for it, so don’t ask “At what costs?”

Also, it’s not over – yet.

Apple က အခု CTF ကြေးတစ်ခုပဲ ယူပြီး App တွေကို ဖြစ်ချင်တာဖြစ်ဆိုပြီး ထားထားတာမျိုးလည်းမဟုတ်ပါဘူး အရှေ့တုန်းက ပြောခဲ့သလို ဒီ Alternative App Marketplace တွေမှာ တင်ရောင်းမယ်ဆိုတာနဲ့ အရှေ့မှာပြောခဲ့သလို App တစ်ခုချင်းစီအတွက် Apple က စစ်ဆေးမှုတွေကို အောင်မြင်ဖို့လိုပြီး Notarization (တရားဝင်ဖြစ်ကြောင်းကြေညာချက်) ရရှိဖို့ လိုအပ်ပါသေးတယ်။

ဒီအတွက် လိုအပ်ချက်တွေက –

Accuracy – App ကို ထုတ်တဲ့ Developer ၊ လုပ်နိုင်စွမ်းတွေ၊ ကျသင့်မယ့်ငွေကြေးတွေကို အတိအကျဖော်ပြရမယ်

Functionality – ထွက်သမျှ iOS Version တွေနဲ့ Compatible ဖြစ်ရမယ်၊ Serious Bugs တွေ၊ Crash ဖြစ်တာတွေရှိလို့မရဘူး – User Experience ကို ထိခိုက်အောင် Software/Hardware ဘာမှ ပြင်ဆင်လို့မရဘူး။

Safety – App တွေက အသုံးပြုသူတွေ၊ ဒါမှမဟုတ် အများပြည်သူအတွက် ရုပ်ပိုင်းဆိုင်ရာထိခိုက်အောင် ပြုလုပ်ဖို့ တွန်းအားပေးခွင့်မရှိဘူး။

Security – App တွေက Malware ဖြန့်တာတွေ၊ တခြားမလိုအပ်တဲ့ Software အပိုတွေ ဘာမှထပ်သွင်းခွင့်မရှိဘူး၊ ပါဝင်တဲ့ Container Package တစ်ခုထဲကလွဲပြီး အပြင်ဘက် System ကို ဖတ်ယူတာမျိုးတွေ၊ Code တွေ Download ပြုလုပ်ခွင့်မရှိဘူး။ သုံးတဲ့ User ကိုလည်း Device Security ကို လျော့ချဖို့ Settings တွေ၊ နည်းလမ်းတွေ ညွှန်းခွင့်မရှိဘူး။ App တိုင်းက Transparency အပြည့်ရှိရမယ့်အပြင် System ဒါမှမဟုတ် Device ပိုင်း Reconfigure လုပ်တာ၊ Software ပိုင်း ပြင်ဆင်ဖို့ အသုံးပြုသူရဲ့ ခွင့်ပြုချက်တောင်းဖို့လိုအပ်မယ်။

Privacy – App တွေက အသုံးပြုသူတွေ သိရှိခြင်း၊ ခွင့်ပြုခြင်းမရှိပဲ Private ဖြစ်တဲ့၊ Sensitive ဖြစ်တဲ့ Data တွေ ကောက်ယူ၊ ဖြန့်ချိခွင့်မရှိဘူး။

ဒါ့အပြင် Apple က ဒီ iOS App အကုန်လုံးကို Encrypt လုပ်ပြီး Developer ရဲ့ မူပိုင်ခွင့်ကို စိတ်ချကာကွယ်နိုင်အောင် Sign လုပ်ထားမယ်။ အဲ့အပြင် ဒီ Notarized ဖြစ်ပြီးသား – ခွင့်ပြုပြီးသား App တွေကိုပါ Installation ပြုလုပ်တဲ့အချိန်မှာ ထပ်စစ်မယ်၊ ပြီးတော့ အစမှာပြောခဲ့သလို ဒီ App တွေကို Install ပြုလုပ်ဖို့ကလည်း Apple က ခွင့်ပြုထားတဲ့ Web Browser မှာပဲ Install လုပ်ခွင့်ရှိမယ်။

တကယ်လို့ ဒီ iOS App တစ်ခုခုက Installed လုပ်ပြီးတဲ့အချိန်၊ ဒါမှမဟုတ် တချိန်ချိန်မှာ Malware ဒါမှမဟုတ် Risk ရှိနေတယ်ဆိုပြီး သိတာနဲ့ အဲ့ဒီ App ကို ဖုန်းမှာ လုံးဝ ဖွင့်မရအောင် ပိတ်ချခံရမယ်။ ဒါ့အပြင် နောက်ထပ်လည်း ဘယ်မှာမှ Installation လုပ်မရ၊ သွင်းမရအောင်ပါ ပိတ်ချသွားမယ်။

ပြီးတော့ ဒီလိုမျိုး Alternative App Marketplace တွေကနေ မသွင်းချင်ဘူး၊ မသုံးချင်ဘူးဆိုရင်လည်း Settings ထဲမှာ Allow မလုပ်ထားပဲ ပိတ်ထားလို့ရတယ်။ Allow လုပ်ထားလို့ Alternative App Marketplace တွေ၊ App တွေ သွင်းရင်တောင် မသွင်းချင် ဒီ Marketplace/App ရဲ့ အသေးစိတ်အချက်အလက်တွေကို အရင်ကြိုပြီး Preview ပြသသွားမယ်။

ကျန်တာကအခုနကပြောသလို Alternative App Marketplace တစ်ခုက သွင်းထားတဲ့ App တွေကို Update လုပ်ဖို့ Alternative App Marketplace ကို ဖုန်းထဲမှာ သွင်းထားမှရမယ်။ လိုချင်တဲ့ App ရလို့ App Marketplace ကို ဖျက်ချမယ်ဆိုရင် သွင်းထားတဲ့ App မှာ ဘာ Update မှ ရတော့မှာမဟုတ်ဘူး။

တခြားကတော့ တချို့ Marketplace တွေနဲ့ပတ်သက်ပြီး Default Settings တွေကို စိတ်ကြိုက်သတ်မှတ်နိုင်မယ်။

ဆိုတော့ ဒီ App တွေ၊ Third-party App Store တွေအကြောင်းက ဒီမှာပြီးပြီ။ ကျန်တဲ့ EU Only ရတဲ့ အချက်လေးတွေ နည်းနည်းထပ်ပြောမယ်။

Browser Apps and Alternative Web Browser Engines

  • iOS 17.4 တင်ပြီးသားနဲ့ User တွေက Default Browser ကိုရွေးသုံးလို့ရပြီ။
  • လက်ရှိ Safari WebKit အပြင် Developer တွေက ကိုယ်ပိုင် Alternative Web Engine တွေကိုလည်း သုံးနိုင်ပြီ။
  • ထုံးစံအတိုင်း ဒီ Alternative Browser Engine တွေက Malware ဝင်နိုင်တဲ့အတွက် Apple ဘက်က အမြဲစစ်ဆေးပြီး Authorized လုပ်မယ်။
  • ပြီးတော့ လက်ရှိ Apple Services တွေ – Passkeys ၊ Web Content Sandbox တွေလိုမျိုးပါ ဒီ Alternative Web Engine တွေမှာ သုံးလို့ရအောင် Developer တွေကို ထောက်ပံ့ပေးသွားမယ်။

Contactless Payment Transactions

  • iOS 17.4 က စတင်ပြီး EEA နေရာအတွင်းမှာ Banking နဲ့ Wallet App တွေအတွက် NFC-based Contactless Payment Transaction တွေအတွက် DMA ကို လိုက်နာထားတဲ့ API တွေ ထုတ်ပေးသွားမယ်။
  • ဆိုတော့ Apple Pay လိုမျိုး Side-button ကို Double Click ပြီး ကိုယ်ကြိုက်တဲ့ Payment App နဲ့ Contactless အနေနဲ့ ငွေပေးချေလို့ရပြီ။
  • Security ပိုင်းကတော့ သက်ဆိုင်ရာလုံခြုံရေးတွေ၊ စစ်ဆေးမှုတွေတော့ရှိမယ် – လိုင်စင်ဘာညာလိုအပ်တာမျိုးတွေလည်း ရှိနိုင်တယ်။

Expanded Default App Controls

  • Settings ထဲမှာ Default App တွေကို ပြောင်းလို့ရပြီ။
  • လောလောဆယ်မှာ App Marketplace App တွေ၊ Contactless Payment App တွေကို စိတ်ကြိုက် Default ထားသုံးလို့ရမယ်။ ပြီးတော့ အခုကပြောသလို Browser ကို Default ပြောင်းလို့ရမယ်။

Alternative Payments on the App Store

  • ပြီးတော့ Apple Payment စနစ်တွေကို မသုံးပဲ အပြင်က Alternative Payment စနစ်တွေကိုလည်း သုံးလို့ရမယ်။ ဒါကို Payment Service Providers (PSPs) ဆိုပြီး ခေါ်တယ်။
  • ဒီလိုမျိုး PSP တွေကနေ Payment ပေးဖို့အတွက် StoreKit External Purchase Entitlement ဒါမှမဟုတ် StoreKit External Purchase Link Entitlement တွေလိုမယ်။
  • ဒီလို Alternative Payment သုံးတာနဲ့ Apple ရဲ့ Report a Problem ၊ Family Sharing ၊ Ask to Buy လို Feature တွေ ဘာမှ သုံးရမှာမဟုတ်ဘူး။
  • တခြား ဒီ Refund တောင်းတာတွေ၊ Apple Support မှာ သွားအကူအညီတောင်းတာလည်း မလွယ်တော့ဘူး – ကိုယ်သုံးတဲ့ Alternative Payment စနစ်နဲ့ပဲ ဆိုင်တော့မယ်။

ဒီ Alternative Payment အကြောင်း အသေးစိတ်ထပ်ပြောလို့ရသေးတယ် – ဒါပေမယ့် CTF လောက် အရေးမကြီးတော့ ဒီ Link မှာ ဖတ်လို့ရပါတယ်။

ကျန်တာတွေကတော့ သိပ်အရေးမပါတာတွေဖြစ်သွားတော့ ဒီမှာပဲ ရပ်ပါမယ်။ ကျွန်တော်တို့ အမြင် – ဒါမှမဟုတ် မြင်တာတွေကို နည်းနည်းထပ်ပြောတာပေါ့။

Tech Gadget’s Thought

အရင်ဆုံး တွေ့မိတာက Epic Games ရဲ့ Fortnite က iOS ကို ပြန်လာမယ်ဆိုပြီး ပြောထားတယ်။ ဒါ EU Region Only ဖြစ်လာနိုင်တယ်။ ကိုယ်ပိုင် Marketplace ဖြစ်မလား၊ ဒါမှမဟုတ် ဒီအတိုင်း CTF ကြေးပေးပြီး တခြား Marketplace တစ်ခုခုမှာရမလား… ဒါမှမဟုတ် ကိုယ်ပိုင် Payment စနစ်တစ်ခုနဲ့ App Store မှာ Down ပြီး ဝယ်ရမှာလားတော့ မသိသေးဘူး။

ဒါပေမယ့် Mozilla ကတော့ ဒီ Apple ရဲ့ Browser နဲ့ ပတ်သက်တဲ့စည်းကမ်းချက်အသစ်တွေက “As Painful As Possible” ဆိုပြီး ပြောလိုက်ပြီ။ Apple က ထုတ်ပေးတဲ့ BrowserEngineKit ကို Technical ပိုင်းသေချာစစ်ဆေးလေလေ – ပိုပြီး ခက်ခဲ၊ စိတ်ပျက်ဖို့ကေင်းလေဆိုပြီး ပြောထားတယ်။

ဒါက Apple က တမင် iOS ပေါ်မှာ Browser တွေအချင်းချင်း ယှဥ်ပြိုင်မှုကို ပိုခက်ခဲအောင် အတားအဆီးလုပ်နေတာနဲ့ ပိုတူတယ်ဆိုပြီးပါ ထပ်ပြောထားသေးတယ်။

အဆိုးရွားဆုံးက Spotify CEO – Daniel Ek (@eldsjal) ပဲ။ Mozilla လိုပဲ Apple ရဲ့ ကြေညာချက်ထုတ်ပြန်အပြီးမှာ ဒီ တရားဥပဒေပိုင်း Legal Team နဲ့ စစ်ဆေးပြီးတဲ့အချိန်မှာ Apple က EU ရဲ့ DMA ကို လိုက်နာခဲ့ပေမယ့် တစ်ဖက်မှာ ပိုဆိုးရွားအောင်လုပ်ခဲ့တာဆိုပြီး ပြောလိုက်တယ်။ ဘယ်လောက်ထိ ပြောလဲဆိုရင် “Apple က စည်းကမ်းတွေကို လိုက်နာစရာမလိုဘူး လို့တောင် သူတို့ကိုယ်သူတို့ ထင်နေသလိုဖြစ်နေတယ်” ဆိုပြီး ရေးထားခဲ့တယ်။

အရှေ့မှာ ကျွန်တော်တို့ တွက်ပြခဲ့တာက ဒီအတိုင်း တွက်ရလွယ်တဲ့နံပါတ်တွေမဟုတ်ပဲ တကယ်လည်း EU မှာ Install ပြုလုပ်သူ သန်း ၁၀၀ ဝန်းကျင်ရှိတယ်၊ Apple က တောင်းတဲ့အတိုင်း ပေးရမယ်ဆိုရင် Tax တွေအပြီးအစီးမှာ အခုထက် ၁၀ ဆ လောက်ပိုများသွားမယ့်အပြင် တချို့သော Spotify ကိုလည်း မသုံး၊ ဒီအတိုင်းဖုန်းမှာ Install ပြီး Auto Update လုပ်နေတဲ့သူတွေအတွက်ပါ Spotify က CTF ဆက်ကြေးပေးရမယ့်ပုံစံဖြစ်သွားတယ်။

ဆိုတော့ Spotify အနေနဲ့ ဒီ Fee ပမာဏတစ်ခုကို Apple ကို မပေးနိုင်တော့ဘူး။ လက်ရှိအတိုင်းပဲ Apple ကို ကော်မရှင်ဆက်ပေးဖို့ပဲ ရွေးချယ်ရတော့မယ်ဆိုပြီး ပြောထားတယ်။

ဘာပဲဖြစ်ဖြစ် ဒီ Spotify CEO တို့ အခုဆို EU ကို ရက်ပေါင်း ၁,၇၈၂ ရက်၊ ၅ နှစ်နီးပါး ဆက်တိုက် Apple ကို အပြောင်းအလဲလုပ်ခိုင်းဖို့ တွန်းအားပေးခဲ့တာ အခု EU ရဲ့ DMA ကြောင့် အသက်ဝင်လာပြီ။ ဒါပေမယ့် Apple ဘက်က အခုလို တုန့်ပြန်လိုက်တဲ့အတွက် နောက်ဆုံး Apple ကို ပုံမှန်ကော်မရှင်ပေး၊ App Store မှာပဲ ဆက်နေရမယ့် ဒုံရင်းအခြေအနေကိုပဲ ပြန်ရောက်သွားပြီ…။ သူပြောတဲ့အတိုင်းဆိုရင် –

”so our only option is to stick with the status quo. The very thing we’ve been fighting against for five years.”

ဆိုတော့ – ဘာတွေဆက်ဖြစ်လာမလဲ?

Apple ဘက်က Mac လို တွေ့ရာ App ကို EU iPhone ဆိုရင် ပေးသွင်းမယ်ဆိုတဲ့ အိမ်မက်ကတော့ မဖြစ်လာတော့ပါဘူး။ အဲ့အစား DMA ကို အကောင်းဆုံး ပြန်တုန့်ပြန်ထားတဲ့ Apple ရဲ့ Master Plan ကြီးကိုပဲ ပြန်ချပြသွားတာပါ။

ဘယ်လိုမှ သာမန် Developer ကုမ္ပဏီတွေက Alternative Marketplace ဖြစ်လာဖို့ A-Rated Financial Institution တွေဆီက ယူရိုငွေ ၁ သန်း ထောက်ကန်ခိုင်းဖို့ကလည်းမလွယ်တော့ ပြောနေကြသလို App Store တွေအများကြီး ပေါ်လာမှာလည်းမဟုတ်ဘူး။ ပေါ်လာရင်တောင် ဒီ Alternative Marketplace တွေမှာ Developer တွေကို CTF ဆက်ကြေးကို Apple ကို ပေးပြီး တင်ကြပါ့မလားဆိုတာကလည်း မရေရာပြန်ဘူး။

အခုအချိန်အထိတောင် EU မှာ ဒီ Alternative Marketplace ကို ဘယ်သူတော့ဖြင့် လုပ်နေပြီဆိုတာလည်း မကြေညာထားသေးဘူး။ Process တွေက ထင်ထားတာထက် ပိုခက်နိုင်တယ်။ ပိုမခက် ခက်အောင်လည်း Apple က လုပ်မယ့်အခြေအနေမှာရှိတယ်။

အရှေ့မှာ ပြောခဲ့သလိုပဲ တကယ်တမ်းကြတော့ သမုဒ္ဒရာအလယ်မှာ ကျွန်း တည်ထားပြီးမှ “တခြားနေရာသွားချင်ရင် လက်ပစ်ကူးလေ” ဆိုပြီး ပြောလိုက်တာနဲ့ ပိုတူပါတယ်။

Apple က USB-C ၊ RCS တွေမှာ အလျော့ပေးခဲ့ပေမယ့် ဒီတစ်ခါကတော့ လုံးဝ သေချာပြင်ဆင်ပြီး EU ကို ပြန်စစ်ခင်းတဲ့ပွဲပါ။

EU မှာမဟုတ်တဲ့ ကျွန်တော်တို့ကတော့ ဆက်ပြီး စောင့်ကြည့်ရုံကလွဲပြီး ဘာမှရှိလာမှာမဟုတ်တော့ စောင့်ပဲ စောင့်ကြည့်ကြတာပေါ့…။

#TechGadgetMM