ကြောင်ပျောက်နေတဲ့ MacBook Air 15-inch

TL;DR

အခုဆို Apple က Size ပိုကြီးတဲ့ MacBook Air 15-inch ကို စရောင်းနေပါပြီ။ တကယ်လည်း MacBook Air 15-inch က Apple အတွက် ရောင်းအားအကောင်းဆုံး MacBook Model ဖြစ်လာနိုင်ပေမယ့် ကျွန်တော်တို့ စိတ်ထဲမှာ အတွေးတစ်စ၊ နှစ်စလောက်ပေါ်လာတာနဲ့ ချရေးဖြစ်ပါတယ်…။

News

Why Bigger MacBook Air 15-inch?

ဒီမေးခွန်းက MacBook Air ကို ကိုယ်တိုင်ဝယ်သုံးနေတဲ့သူတစ်ယောက်အနေနဲ့ တော်တော်လေးစိတ်ဝင်စားမိတဲ့အချက်ပါ – ဘာလို့ Thin & Light ဖြစ်ပြီး ပေါ့ပေါ့ပါးပါးသယ်သွားဖို့ရည်ရွယ်ထားတဲ့ MacBook Air Series ကို ပိုကြီး ပိုလေးအောင် ထုတ်စရာလိုလို့လားဆိုတာက ထူးဆန်းနေတယ်။

ဒါပေမယ့် ဒီအတွက်အဖြေကိုလည်း သိပ်ပြီး ကြာကြာမရှာလိုက်ရပါဘူး။ အထူးသဖြင့် US ဘက်က MKBHD တို့၊ Dave2D တို့လို Reviewer တွေကိုယ်တိုင်က ဒီအချက်ကို အရင်ပြောသွားကြတယ်။ MacBook Air 13-inch ဆိုတာက ဒီ Segment တစ်ခုတည်းစဝင်ဖို့ Tesla Model 3 လိုကားဖြစ်နေပြီး တကယ်တမ်း လူတွေပိုလိုချင်ကြတဲ့ ပိုကြီးတဲ့ Tesla Model Y လိုမျိုး SUV အနေနဲ့ ဒီ 15-inch ကို ထပ်ထုတ်လိုက်တာ။ ဒါမှမဟုတ် လူကြီးတွေအတွက် ဒီအတိုင်း “Screen ပိုကြီးတဲ့ Laptop” ဖြစ်ရင် ရပြီဆိုတဲ့သူတွေအတွက် MacBook Pro 16-inch အထိ တက်ဝယ်စရာမလိုအောင် ဒီ MacBook Air 15-inch ကို ထုတ်ပေးလိုက်တယ်။ ဒါပဲ။

Size ပိုကြီးသွားတာနဲ့ လူတွေပိုဝယ်ကြမှာလား…?

ဒီအတွက် Logical အကျဆုံးအဖြေက No ပါ။ MacBook Air 15-inch မှာ လုံးဝကို MacBook Air 13-inch ထက် Size ပိုကြီးသွားတယ်ဆိုတာကလွဲပြီး (Audio နည်းနည်းအသံပိုကျယ်တာကလွဲရင်) ဘာအားသာချက်မှမရှိပါဘူး။

ဒါပေမယ့် ကျွန်တော်တို့ပြောနေတာ Apple ပါ – ၂၀၂၃ မှာတောင် 60Hz Display နဲ့ဖုန်းကို အေးဆေးရောင်းအားအကောင်းဆုံးဖြစ်အောင် လုပ်နိုင်တဲ့ ကုမ္ပဏီတစ်ခုဆီမှာ Logical ကျကျတွေးဖို့က တော်တော်ခက်ပါတယ်။ အဲ့ဒါကြောင့် တကယ်အဖြစ်နိုင်ဆုံးအဖြေက MacBook Air 15-inch ဟာ တကယ်ကို လူကြိုက်အများဆုံး MacBook ဖြစ်လာပါလိမ့်မယ်။

ဒီအတွက် အကြောင်းပြချက်ကလည်း ၂ ခုပဲ ရှိပါလိမ့်မယ် – (1) Screen Size ပိုကြီးတယ် | (2) အလားတူ Screen Size နဲ့ MacBook Pro 16-inch စျေးက $2,499 က စတဲ့အချိန်မှာ $1,299 တန် MacBook Air 15-inch က Screen ကြီးကြီး MacBook ကို စျေးအတန်ဆုံးနဲ့ ရနေသလိုဖြစ်သွားပြီ။

အဲ့ဒါဆို ဘာလို့ MacBook Air 15-inch က ကြောင်ပျောက်နေသေးသလဲ…?

ကျွန်တော်တို့ ဘာလို့ ဒီ ကြောင်ပျောက်နေသလဲဆိုတဲ့ Caption တပ်သလဲဆိုတော့ ဒီ MacBook Air 15-inch မှာ ဘာမှ လောက်လောက်လားလား Improvement ဘာမှကို မမြင်လို့ပါ။ အဲ့ဒါကို ရောင်းအားအကောင်းဆုံး MacBook ဖြစ်လာတော့မယ်ဆိုတာကြီးကို ထိုင်ကြည့်နေရမှာက တော်တော် မကျေနပ်စရာပါ။

ဘာကြောင့်လဲဆိုတော့ –

  1. အရင်ဆုံး MacBook Air 15-inch မှာ M3 Chip အသစ်ပါလာမယ်လို့ သတင်းထွက်ခဲ့တယ် – မဖြစ်လာတဲ့အပြင် 13-inch M2 Air အတိုင်း Performance အကုန်တူတူပဲ
  2. Chassis Size ပိုကြီးလာတော့ Cooling Fan ထည့်ပေးလိုက်ရင် 13-inch မှာ ကြုံနေရတဲ့ Thermal Throttling ဖြစ်တာ ပျောက်သွားနိုင်မယ် – မထည့်ပေးဘူး၊ Fan မပါတဲ့ ရှားပါး 15-inch Laptop တစ်လုံးဖြစ်သွားတယ်
  3. Fan မပါနိုင်ရင်တောင် 15-inch Chassis မှာ Battery ပိုကြီးလာရင် လုံးဝ 13-inch ထက်တောင် Battery ပိုခံပြီး ၂၄ နာရီလောက်ဆက်တိုက်သုံးနိုင်တဲ့ Battery Life အကောင်းဆုံး MacBook ဖြစ်သွားနိုင်တယ် – မဖြစ်လာဘူး။ Dave2D စမ်းသပ်ချက်အရဆိုရင် 13-inch Air ကတောင် ပို Battery ခံနေသေးတယ် (WTF :3)
  4. နောက်ဆုံးက မဖြစ်နိုင်မှန်းသိပေမယ့် USB-C လေးတစ်ပေါက် (ဒါမှမဟုတ်) SD Card Reader လေးတောင် ပိုမထည့်ပေးခဲ့ဘူး။
Source : Dave2D YouTube Channel

အဲ့ဒါတွေအပြင် Base 256GB Storage ဝယ်မယ်ဆိုရင် SSD ကို Bandwidth Limitation ကလည်း ရှိနေတုန်းပဲ။ Keyboard Size တွေအကုန်တူတူပဲ။ Color လည်း အသစ်မပါဘူး။

MacBook Air 15-inch က အပါးဆုံး၊ အပေါ့ဆုံး 15-inch Laptop မဟုတ်ဘူး

Apple က ဘယ်လိုပဲ MacBook Air 15-inch ကို Thin & Light အနေနဲ့ ကြော်ငြာနေပါစေ – တကယ်က MacBook Air 15-inch က အပါးဆုံး၊ အပေါ့ဆုံး 15-inch Laptop မဟုတ်ပါဘူး။ ပြောရရင် အထူက 3.3lb ဆိုတာက 1.51Kg ရှိပါတယ်၊ US မှာ အောင်မြင်တဲ့ LG ကပဲ ထုတ်ထားတဲ့ LG Gram 16 ဆိုရင် 16-inch Laptop ဖြစ်နေပေမယ့် 1.2Kg ပဲလေးပါတယ်။ အထူကတော့ 11.5mm က 13-inch လိုပဲ ပါးတာတော့ရှိမယ်။ အပါးဆုံးတော့မဟုတ်သေးဘူး။

ဘယ်လိုပြောရမလဲ – Apple က ဒီ MacBook Air 15-inch ကို ရောင်းကောင်းမယ်ဆိုတဲ့ ယုံကြည်ချက်က အပါးဆုံး၊ အပေါ့ဆုံးဖြစ်နေလို့ထက် ဒီ Size နဲ့ Weight ဝန်းကျင် Windows Laptop တွေမှာ M2 Chip ကို မှီတဲ့ Performance ရော၊ Apple Ecosystem ထဲမှာ ရမယ့် Convenience တွေရော မရှိတာတွေ၊ ပြီးတော့ တခြား Window Laptop တွေအားလုံးထက် ပိုကောင်း၊ ပို Premium ဆန်နေသေးတဲ့ Build Quality | Design တွေကြောင့်ပါ။ တော်တော်လေး မကျေနပ်ဖို့ကောင်းပေမယ့် ဒါတွေအကုန်လုံးက အမှန်တွေပါ။

MacBook Air 15-inch က 13-inch ထက် တကယ်ဘာတွေသာမလဲ…?

သာတဲ့ပထမအချက်က Display Screen Size ပိုကြီးသွားပါမယ် – ဒါက အရေးအကြီးဆုံးနဲ့ 15-inch ကို ရွေးဝယ်ကြမယ့် အဓိကအကြောင်းပြချက်ပါ။ တကယ်လည်း Video Editor တွေ၊ Content Creator တွေ၊ တခြား Developer တွေက ဒီ Screen Size နည်းနည်းလေးပိုကြီးသွားလို့ ထွက်လာမယ့် Extra Pixel လေးတွေမှာ ပိုပြီး Productive ဖြစ်ချင်လို့တစ်ခုတည်းနဲ့ ဝယ်ကြပါလိမ့်မယ်။ ယုတ်စွ – ရုပ်ရှင်ကြည့်မယ်ဆိုရင်တောင် Screen Size ပိုကြီးလို့ဆိုပြီး ရွေးမယ့်လူတွေအများကြီးဖြစ်လာမှာဆိုတော့… :3

Source : Dave2D YouTube Channel

ကျန်တာက Review တွေမှာလိုမျိုးပဲ – Audio Speaker Quality နည်းနည်းပိုကောင်းမယ်။ Pro တွေကိုတော့ မမှီသေးပေမယ့် ဒါက တကယ်အသုံးဝင်လာတယ်။

ပြီးတော့ Trackpad ပိုကြီးမယ် – ဒါကတော့ Size ကြီးလာတာကြောင့် ပိုကြီးပေးလိုက်ရတာဆိုတော့ အများကြီးပြောစရာမရှိ။

Is MacBook Air 15-inch a Great Deal?

ပြောရခက်ပါတယ် – အပေါ်မှာပြောခဲ့တာကို ပြန်ကောက်ရင် “အလားတူ Screen Size နဲ့ MacBook Pro 16-inch စျေးက $2,499 က စတဲ့အချိန်မှာ $1,299 တန် MacBook Air 15-inch” က ဝယ်လို့တန်တဲ့ Model ပါ။ တကယ်လည်းရောင်းရမှာပါ။

ဒါပေမယ့် ဒေါ်လာ ၁၀၀ သက်သာသွားတဲ့ MacBook Air 13-inch က $1,099 စျေးမှာ 15-inch ထက် ဒေါ်လာ ၂၀၀ ကွာသွားတော့ ပိုပြီးရောင်းအားကောင်းလာနိုင်ပါတယ်။ ပြောရရင် M2 Air 13-inch စထွက်တုန်းက လူတိုင်း ဒေါ်လာ ၂၀၀ ပိုသက်သာတဲ့ $999 တန် M1 Air ကိုပဲ ညွှန်းနေခဲ့ပြီး ဝယ်ခဲ့ကြတာကို မှတ်မိကြတယ်ဆိုရင် အခုက M2 Air 13-inch ရဲ့ အလှည့်ပြန်ဖြစ်သွားပါပြီ။ ဒေါ်လာ ၂၀၀ ပိုသက်သာတာခြင်းအတူတူ Screen Size ကလွဲရင် M1 Air တုန်းက မရခဲ့တဲ့ MagSafe ၊ Updated Design ၊ Better Display Quality လိုမျိုး Feature တွေအကုန်ပါတော့ ဘာမှတောင် Compromise မလုပ်ရတော့ဘူး။

$999 တန် M1 Air ကတော့ M2 Air 13-inch က $1,099 ဖြစ်နေတဲ့အချိန်မှာ ဝယ်တဲ့သူတော်တော်ကို နည်းသွားတော့မှာပါ – Maybe, Apple ဆီမှာလည်း ရောင်းစရာကုန်လောက်ပြီထင်တယ်။ :3

မြန်မာနိုင်ငံကလူတွေကတော့ MacBook Air 15-inch အသစ်ထွက်လာတာက အဲ့လောက်ကြီးအပြောင်းအလဲရှိသွားမှာတော့မဟုတ်လောက်ဘူး။ ဘာကြောင့်လဲဆိုရင် အခု မြန်မာနိုင်ငံစျေးကွက်ထဲမှာ Pro ဖြစ်ရင်ပြီးရော MacBook Pro 13-inch အဟောင်းတွေလိုက်ဝယ်တဲ့အဖွဲ့ရယ်၊ M1 M1 ဆိုပြီး M1 Air ကို စျေးအသက်သာဆုံး Second အဟောင်းလိုက်ဝယ်တဲ့အဖွဲ့ရယ်၊ သိန်း ၄၀ လောက်စသုံးပြီဆိုတာနဲ့ MacBook Pro 14-inch ပဲ ဝယ်ကြတဲ့အဖွဲ့ရယ် ဆိုတော့ ဒီမှာပဲ MacBook Air 15-inch က တကယ်ကြောင်ပျောက်လောက်ပါတယ်…။

See ya again.
#TechGadgetMM